Friday, January 13, 2012

ရင်တွင်းကဗျာ..

မိန်းမလက်နက်
မျက်ရည်စက်တဲ့
မှတ်မှတ်ရရ
မသုံးဖြစ်လောက်အောင်ရှိတဲ့ကျမ
၁၃ရက်သောကြာအရောက်
လွတ်မြောက်မှုစာမျက်နှာပေါ်က
သူရဲကောင်းခွပ်ဒေါင်းတို့ကိုအမြင်
ပုံရိပ်ထင်ပီပြင်ရာက
မှုံရိပ်ဆင်ဝိုးတ၀ါးဖြစ်မှ
ဂျပန်ဟုက္ကူကဗျာတပိုင်းတစ
သွားသတိရမိပေါ့..
ကိုယ့်ကိုယ်ကိုသူရဲကောင်းကြီးထင်နေတုန်း
ပါးပြင်ပေါ်မှာမျက်ရည်စတွေနဲ့တဲ့.။
သံလွင်ခ

Friday, November 18, 2011

အားနာ

ကမ္ဘာမကြေဟစ်ကြွေးသံလည်း
မြေခခဲ့ပြီ
ဒီပရင်္ဂသွေးကြွေးမာန်လည်း
ကြွေကျခဲ့ပြီ
အသက်ပေးခဲ့ကြသူများ
ဘ၀စတေးခဲ့ကြသူများ
ယုံကြည်မှုပေးခဲ့ကြသူများ
ကူညီ၍ဖေးမခဲ့သူများ
အစအလယ်အဆုံး
အလုံးစုံသော
သူရဲကောင်းများအား
အားမနာတတ်သူများကိုယ်စား
ကဗျာရေးသူ
သာမညလူက
လေးစားစွာအားနာပါဧ။်
သံလွင်ခ

မထူးတဲ့သံသရာ

ဖွတ်မိကျောင်းဖြစ်
မြစ်မချမ်းသာတဲ့
အရေခွံလဲမိကျောင်းတွေ
အောင်ပွဲဝေနေချိန်မှာ
အစထဲကနွမ်းလျနေတဲ့မြစ်
လန်းလာနိုင်ပါ့မလား။
တွားသွားသတ္တ၀ါချင်းအတူတူ
တောက်တဲ့တွေတမူထူးလို့
ဈေးမြူးနေချိန်မှာ
အရေခွံလဲကိုမိုဒိုတွေအစား
တောက်တဲ့တွေများဖြစ်သွားရင်
လှစ်ကနဲဈေးကစား
သက်ဆိုင်သူဓနအားတော့
တိုးပွားနိုင်သေးရဲ့။
သံလွင်ခ

Tuesday, November 8, 2011

စစ်တမ်း

ခပ်လှမ်းလှမ်းဗလာပွဲခင်းက
ဆိုင်းဆင့်သံအကြား
အပြေးအလွှား
ဖျာခင်းဖို့သွားသူသွား
ကလေးကလား
နေရာလုဖို့လွှားသူလွှားနဲ့
ဘယ်သူတွေဘယ်ဆီမြန်းမလဲ
စစ်တမ်းပဲပေါ့.။

သီတာအောင်

Sunday, November 6, 2011

ယုံ၍အစားခံရသူများ


ငယ်စဉ်ကပုံပြင်တပုဒ်
ခြသေ့င်္မင်းကဟန်လုပ်လို့
နာမကျမ်းချင်ယောင်ဆောင်
ဥပုဒ်ပါစောင့်တဲ့သတင်း
ဒလန်ကိုမြေခွေးက
တွင်တွင်ကြီးဖြန့်ရင်းပေါ့။

လက်တွေ့သိချင်သူများ
ဂူထဲဝင်လေ့လာပါလားတဲ့
တွေးကြည့်ရုံနဲ့အဖြေမပေါ်
ဝင်ကြည့်မှတော်မယ်ဆိုသူတို့
အ၀င်ခြေရာသာတွေ့
ဂူတွင်းမှာအရိုးစုဘ၀နဲ့
့မွေ့နေကြရသတဲ့။

ဗိုလ်မောင်အေးနဲ့ဗိုလ်သန်းရွှေ
ခပ်ခွေခွေနေပြရုံနဲ့
နာတာရှည်ဖျားနေတဲ့
ကျားပေပဲလား
ဥပုဒ်သီတင်းမွေ့တဲ့
့ရွှေခြင်္သေ့လေလား
အတွေးဝါးနေကြရင်ဖြင့်...

တစ်ကြိမ်နှစ်ကြိမ်အလိမ်ခံရတာ
လိမ်ခဲ့သူအမှားထား
ဆင်ခြေပွားလို့ရနိုင်ပေမယ့်
သုံးကြိမ်နဲ့အထက်
အညာခံရမယ့်အချက်ကတော့
ယုံလွယ်သူရာဇ၀င်မြောက်
သမိုင်းမှာ
မလှလောက်ဖူးထင်တယ်နော်။
သီတာအောင်(ဂျပန်)

Thursday, August 18, 2011

ရှိုက်သံများနဲ့ဧရာဝတီသို့

ဧရာဝတီတဲ့
အမိမြေရဲ့ ရတနာ
အမိမြေရဲ့ နှလုံးသည်းချာ
အမိမြေရဲ့ ကျေးဇူးရှင်တပါးပေါ့။
ပြီးတော့
အမိမြေရဲ့ အလှတရားနဲ့
အမိမြေရဲ့ ဘ၀များစွာအတွက်
ရဲရင့်စွာပေးဆပ်
မြင့်မြတ်တဲ့ နဒီတစင်း။
အခုများမှာတော့
ကြားမိပါသလား
ဧရာဝတီရဲ့ ငိုရှိုက်သံ
မြင်မိပါသလား
ဧရာဝတီရဲ့ နွမ်းလျဟန်။
မေခနဲ့မလိခရင်ခွင်ကြားက
အနိုင်ကျင့်ခံထားရတဲ့
ရာဇ၀င်များရဲ့သတို့သမီးကို
ဒုတိယမြစ်ဝါလိုတော့
အဖြစ်မခံနိုင်တာမို့
သွေးချင်းတို့လက်ကိုယှက်
ရက်စက်တဲ့နွံအတွင်းက
ဧရာဝတီကိုကယ်ထုတ်
မျက်ရည်သုတ်ပေးကြပါစို့။
သီတာအောင်(ဂျပန်)

Monday, July 18, 2011

ကျောက်စာတွင်းမှအလင်းတိုင်များ


ဘာမှလည်းမရှိ
ဘာမှလည်းမသိသူများအတွက်

ကိုယ်ကလည်းမသိ
ကိုယ့်ကိုလည်းမသိသူများအတွက်

ရထိုက်မှန်းသိလျက်
အတောင်းခက်သူများအတွက်

မိမိကိုယ်ကို
လောင်စာတခုလိုသဘောထား
လူထုကိုအလင်းအားပေးရင်း
ဘ၀ကိုစွန့်လှု
စိတ်ဓါတ်တံခွန်ထူသူတို့ဧ။်
မယွင်းမပျက်သော
လင်းလက်မှုတို့သည်
ခေတ်အဆက်ဆက်
အာကာထက်၌
ပုံလွှာမပျက်
တည်စေသော်။ .။