Sunday, April 29, 2012

အပြောကောင်းကြသူများ


နှင်းတဖွဲဖွဲကျ
ဝန်းကျင်တခုလုံးဖြူလွလွနဲ့
လှလိုက်တဲ့ရှုခင်းတဲ့
မီးလင်းဖိုနံဘေးက
ခန်းစီးစနွေးနွေးကို
မ ရင်းကြည့်သူကပြောတယ်။

အငြိုးတကြီးရွာတဲ့မိုး
လျှပ်ပန်းနွယ်တွေတမျိုးတိုးလို့
မရိုးတဲ့သဘာဝတရား
ပန်းချီကားတချပ်ပါလားတဲ့
အသံလုံခန်းတွင်းက
မှန်ပြူတင်းကိုထွင်းကြည့်သူကပြောတယ်။

ပြင်းလိုက်တဲ့နေ
ရွက်ကြွေတွေလေထဲမျော
ဥသြတွန်သံနှောတော့
သာယာလိုက်တဲ့ဖြစ်ချင်း
ဘယ်သီချင်းမှမမှီဘူးတဲ့
စိမ့်နေတဲ့အခန်းတွင်းက
လှမ်းငေးရင်း ကြည့်သူကပြောတယ်။

တကယ်တမ်း
လက်တွေ့ကျကျ
ခံစားရဖို့ဆိုရင်
နေပူကျဲကျဲ
   မိုးသည်းသည်းနဲ့
နှင်းဖွဲဖွဲမှာ
အမိုးမပါ 
   အကာဗလာနဲ့
   မြွေမမှုကင်းမကြောက်
   တခေါက်လောက်
   လမ်းလျှောက်
   ကြည့်လိုက်ပါလား.။
                              
                       သီတာအောင်( သံလွင်ခ)

Thursday, April 19, 2012

လဲ-ကြသူများ

တချို့တွေက
သိက္ခာတရားကို
အသပြာနဲ့လဲတယ်။

တချို့တွေကတော့
ယုံကြည်မှုတခုနဲ့
အနာဂတ်တွေကိုလဲတယ်။

တချို့တွေက
လူမသမာမှန်းသိလျက်နဲ့
သူတော်ကောင်းနဲ့လဲတယ်။

တချို့တွေကတော့
ငြိမ်းချမ်းရေးစကားအလှတွေဖွဲ့
လက်နက်နဲ့လဲတယ်။

ဘာအတွက်ပဲလဲလဲ
ဘာနဲ့ပဲလဲလဲ
ကိုယ်ရေးတဲ့သမိုင်းကတော့
ဘာနဲ့မှလဲလို့ မရတဲ့
ကိုယ့်သမိုင်းစစ်စစ်
အမြဲ ဖြစ်နေမှာပဲ။ ။

သံလွင်ခ

Friday, January 13, 2012

ရင်တွင်းကဗျာ..

မိန်းမလက်နက်
မျက်ရည်စက်တဲ့
မှတ်မှတ်ရရ
မသုံးဖြစ်လောက်အောင်ရှိတဲ့ကျမ
၁၃ရက်သောကြာအရောက်
လွတ်မြောက်မှုစာမျက်နှာပေါ်က
သူရဲကောင်းခွပ်ဒေါင်းတို့ကိုအမြင်
ပုံရိပ်ထင်ပီပြင်ရာက
မှုံရိပ်ဆင်ဝိုးတ၀ါးဖြစ်မှ
ဂျပန်ဟုက္ကူကဗျာတပိုင်းတစ
သွားသတိရမိပေါ့..
ကိုယ့်ကိုယ်ကိုသူရဲကောင်းကြီးထင်နေတုန်း
ပါးပြင်ပေါ်မှာမျက်ရည်စတွေနဲ့တဲ့.။
သံလွင်ခ

Friday, November 18, 2011

အားနာ

ကမ္ဘာမကြေဟစ်ကြွေးသံလည်း
မြေခခဲ့ပြီ
ဒီပရင်္ဂသွေးကြွေးမာန်လည်း
ကြွေကျခဲ့ပြီ
အသက်ပေးခဲ့ကြသူများ
ဘ၀စတေးခဲ့ကြသူများ
ယုံကြည်မှုပေးခဲ့ကြသူများ
ကူညီ၍ဖေးမခဲ့သူများ
အစအလယ်အဆုံး
အလုံးစုံသော
သူရဲကောင်းများအား
အားမနာတတ်သူများကိုယ်စား
ကဗျာရေးသူ
သာမညလူက
လေးစားစွာအားနာပါဧ။်
သံလွင်ခ

မထူးတဲ့သံသရာ

ဖွတ်မိကျောင်းဖြစ်
မြစ်မချမ်းသာတဲ့
အရေခွံလဲမိကျောင်းတွေ
အောင်ပွဲဝေနေချိန်မှာ
အစထဲကနွမ်းလျနေတဲ့မြစ်
လန်းလာနိုင်ပါ့မလား။
တွားသွားသတ္တ၀ါချင်းအတူတူ
တောက်တဲ့တွေတမူထူးလို့
ဈေးမြူးနေချိန်မှာ
အရေခွံလဲကိုမိုဒိုတွေအစား
တောက်တဲ့တွေများဖြစ်သွားရင်
လှစ်ကနဲဈေးကစား
သက်ဆိုင်သူဓနအားတော့
တိုးပွားနိုင်သေးရဲ့။
သံလွင်ခ

Tuesday, November 8, 2011

စစ်တမ်း

ခပ်လှမ်းလှမ်းဗလာပွဲခင်းက
ဆိုင်းဆင့်သံအကြား
အပြေးအလွှား
ဖျာခင်းဖို့သွားသူသွား
ကလေးကလား
နေရာလုဖို့လွှားသူလွှားနဲ့
ဘယ်သူတွေဘယ်ဆီမြန်းမလဲ
စစ်တမ်းပဲပေါ့.။

သီတာအောင်

Sunday, November 6, 2011

ယုံ၍အစားခံရသူများ


ငယ်စဉ်ကပုံပြင်တပုဒ်
ခြသေ့င်္မင်းကဟန်လုပ်လို့
နာမကျမ်းချင်ယောင်ဆောင်
ဥပုဒ်ပါစောင့်တဲ့သတင်း
ဒလန်ကိုမြေခွေးက
တွင်တွင်ကြီးဖြန့်ရင်းပေါ့။

လက်တွေ့သိချင်သူများ
ဂူထဲဝင်လေ့လာပါလားတဲ့
တွေးကြည့်ရုံနဲ့အဖြေမပေါ်
ဝင်ကြည့်မှတော်မယ်ဆိုသူတို့
အ၀င်ခြေရာသာတွေ့
ဂူတွင်းမှာအရိုးစုဘ၀နဲ့
့မွေ့နေကြရသတဲ့။

ဗိုလ်မောင်အေးနဲ့ဗိုလ်သန်းရွှေ
ခပ်ခွေခွေနေပြရုံနဲ့
နာတာရှည်ဖျားနေတဲ့
ကျားပေပဲလား
ဥပုဒ်သီတင်းမွေ့တဲ့
့ရွှေခြင်္သေ့လေလား
အတွေးဝါးနေကြရင်ဖြင့်...

တစ်ကြိမ်နှစ်ကြိမ်အလိမ်ခံရတာ
လိမ်ခဲ့သူအမှားထား
ဆင်ခြေပွားလို့ရနိုင်ပေမယ့်
သုံးကြိမ်နဲ့အထက်
အညာခံရမယ့်အချက်ကတော့
ယုံလွယ်သူရာဇ၀င်မြောက်
သမိုင်းမှာ
မလှလောက်ဖူးထင်တယ်နော်။
သီတာအောင်(ဂျပန်)